PS ဆောင်းပါးများ

PS ဆောင်းပါးများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ရေးသားသည့် "မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေများ အပိုင်း (၆) အစိုးရသစ်၊ ဥပဒေသစ်" ဆောင်းပါး

အောင်နိုင်ဦး ဦးစားပေးခံရတဲ့ ဥပဒေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများအပြားနဲ့ ရွေးကောက်ပွဲ အောင်နိုင်ပြီးခဲ့တဲ့နောက် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူပြီး အစိုးရသစ်ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရသစ် ပေါ်ပေါက်လာတဲ့အခါ ယခင်အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့ကို ပူးပေါင်းပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းပြီးချိန်မှာ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ချမှတ်တဲ့အခါ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေသစ်ပြဋ္ဌာန်းရေးလည်း ပါဝင်ခဲ့ပါတယ်။ မူကြမ်းကို ပြင်ဆင်ခြင်း ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ စာရေးသူအနေနဲ့ ရေးဆွဲထားပြီး နောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်မူကြမ်းကို ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြမှု ဆောင်ရွက်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအနေနဲ့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းအပေါ် အသေးစိတ်စိစစ်မှုတွေ ဆောင်ရွက်ခဲ့ပြီး ဥပဒေကြမ်းကို အစိုးရသစ်ရဲ့မူဝါဒလမ်းညွှန်ချက်တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ချက်တချို့ ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ ပြင်ဆင်ချက်တွေထဲမှာ ထူးခြားတဲ့ ပြင်ဆင်ချက်ကတော့ ယခင်ဥပဒေမူကြမ်း အခန်း ၈ မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုချက် တင်ပြရမယ့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ယခင်က အုပ်စု (၄) စုသာ သတ်မှတ်ထားခဲ့ရာက “နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အဦများ အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ” ကော်မရှင်ကို အဆိုပြုချက်တင်ရမယ့် လုပ်ငန်းအဖြစ် ထပ်မံထည့်သွင်းခဲ့ပါတယ်။ နောက်ထပ် ထူးခြားတဲ့ ပြင်ဆင်ချက်ကတော့ မူလဥပဒေကြမ်းမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို နိုင်ငံတော်သမ္မတရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်ထားရှိကာ သီးခြားလွတ်လပ်သော ကော်မရှင်အဖြစ် ဆောင်ရွက်ဖို့ ရေးဆွဲထားတဲ့ ပြဋ္ဌာန်းချက်တွေကို ပယ်ဖျက်စေပြီး ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်မှာ ပြန်လည်ထည့်သွင်းစေခြင်းပဲ ဖြစ်ပါတယ်။ ဥပဒေကြမ်းရေးဆွဲရေးအဖွဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဥပဒေကြမ်းအပေါ်မှာ လိုအပ်တာတွေ ပြန်လည်ပြင်ဆင် ရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက် ရယူခဲ့ပါတယ်။ ထို့နောက် ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို တင်ပြခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ လွှတ်တော်ကို ပေးပို့တင်ပြခဲ့ပါတယ်။ လွှတ်တော်ရောက်ဥပဒေ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို လွှတ်တော်သို့ ပေးပို့ပြီးနောက်ပိုင်းမှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ဥပဒေကြမ်းနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ညှိနှိုင်းမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ ညှိနှိုင်းမှုတွေမှာ အစိုးရဘက်က စာရေးသူဦးဆောင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးတို့က ပါဝင်တက်ရောက်ကြပါတယ်။ ညှိနှိုင်းမှုတွေ အတွင်းမှာ အဆိုပါကော်မရှင်က ဥပဒေပညာရှင်အချို့က ရေးထုံးပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ဆောင်ရွက်ခြင်းနဲ့ ဥပဒေအပေါ်မှာ ပြင်ဆင်သင့်သည်များကို အကြံပြုဆောင် ရွက်ခြင်းတွေ ဆောင်ရွက်ခဲ့ကြပြီး အမျိုးသားလွှတ်တော်မှာ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ကြပါတယ်။ အမျိုးသားလွှတ်တော်မှာ ညှိနှိုင်းမှုတွေ ပြီးပြတ်တဲ့အခါ ပြည်သူ့လွှတ်တော်ကို ဆက်လက်ပေးပို့ပြီး ဥပဒေကြမ်း အပေါ်မှာ ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ လွှတ်တော်နှစ်ရပ်မှာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းစဉ်ကာလမှာတော့ ယခင် ၂၀၁၂ ခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်ပြစဉ်က အခြေအနေတွေလို အစိုးရကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအကြား ပွတ်တိုက်မှုမရှိခဲ့ဘဲ အယူအဆ မတူညီမှုအနည်းငယ်သာ ရှိခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အများစုအနေနဲ့ ဥပဒေမူကြမ်းပါ အချို့ပုဒ်မတွေအပေါ် ၎င်းတို့ရဲ့အမြင်နဲ့ ၎င်းတို့ မရှင်းလင်းတဲ့ကိစ္စတွေကို မေးမြန်းတဲ့အခါ အစိုးရဘက်က တက်ရောက်သူတွေက နည်းလမ်းတကျ ဖြေကြားရှင်းလင်း တင်ပြရင် ဝိုင်းဝန်းဆွေးနွေးပြီး လက်ခံပေးကြတာများပါ တယ်။ အချို့သော လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဘာသာရပ်ဆိုင်ရာ ကိစ္စအချို့ကို လေ့လာနားလည်ထားသူတွေ ဖြစ်ကြတဲ့အတွက် အသေးစိတ် ထဲထဲဝင်ဝင် ဆွေးနွေးဆောင်ရွက်ကြတာလည်း ရှိခဲ့ပါတယ်။ သို့သော်လည်း ဥပဒေမူကြမ်းဟာ လွှတ်တော် နှစ်ရပ်စလုံးရဲ့ လုပ်ငန်းစဉ်တွေမှာ အဟန့်အတား မရှိသလောက်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတင်ပြစဉ်ကာလအတွင်း အချို့သောလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဥပဒေအပေါ် ဝေဖန်မှုနဲ့ ၎င်းတို့ လိုလားချက်အတိုင်း ပြင်ဆင်ပေးရေး ဆွေးနွေးတင်ပြခဲ့ကြ တာရှိခဲ့ပေမယ့် ထိုစဉ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ ယနေ့နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ပြတ်သားတဲ့ ဦးဆောင်မှုကြောင့် ဥပဒေပြဋ္ဌာန်းရေးလုပ်ငန်းစဉ်တွေဟာ မြန်ဆန်သွက်လက်စွာနဲ့ ပြီးမြောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပုဒ်မ ၁၀၁ ခုပါတဲ့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ပြဋ္ဌာန်းရေးလုပ်ငန်းစဉ်မှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အစိုးရနဲ့ လွှတ်တော်ရဲ့ ဟန်ချက်ညီမှု၊ သဘောထားမှန်ကန်မှု၊ စေတနာကောင်းမွန်မှုတွေကြောင့် ဥပဒေပြဋ္ဌာန်းရေး လုပ်ငန်းစဉ်ဟာ ချောမောစွာ ပြီးမြောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ထူးခြားတဲ့ အပြောင်းအလဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ထဲမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ များစွာပါရှိခဲ့ပါတယ်။ နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံသူတွေနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေကို တူညီတဲ့ အခွင့်အရေးတွေ ပေးထားတဲ့အပြင် အချို့ကိစ္စရပ်တွေမှာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေကို သွေဖည်ခြင်းမရှိဘဲ နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေကို ပိုမိုသာလွန်တဲ့ အခွင့်အရေးတွေလည်း ပေးအပ်နိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု ပြီး ဝင်ငွေခွန်ကင်းလွတ်ခွင့်ဆိုင်ရာကိစ္စရပ်တွေမှာ ဖွံ့ဖြိုးမှုအလိုက် ဇုန်တွေသတ်မှတ်ပြီး ဇုန်အလိုက် သုံးနှစ်၊ ငါးနှစ်၊ ခုနစ် နှစ် ခွဲခြားခံစားခွင့်ပြုဖို့ ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။ ဝင်ငွေ ခွန်ကင်းလွတ်ခွင့်ပေးရာမှာလည်း လုပ်ငန်းအားလုံးကို ပေးတာမျိုးမဟုတ်ဘဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ ဆောင်ရွက်သူကိုသာ ပေးတာဖြစ်တဲ့အတွက် နိုင်ငံတော်အခွန်ရရှိမှုနဲ့ ဖွံ့ဖြိုးမှုတို့ကို ထိန်းညှိစေခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ခွင့်ပြုမိန့် ပေးရာမှာ ယခင့်ယခင်ကလို လုပ်ငန်းအားလုံး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အဆိုပြုလွှာ တင်ပြစေပြီးမှ ခွင့်ပြုပေးတာမျိုးမလုပ်တော့ဘဲ နိုင်ငံအတွက် အရေးကြီးပြီး ထူးခြားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုသာ ကော်မရှင်ကို အဆိုပြု လွှာတင်ပြစေဖို့ ဖြေလျှော့ပေးခဲ့ပါတယ်။ ကျန်လုပ်ငန်းတွေ အနေနဲ့ ပိုမိုလွယ်ကူရှင်းလင်းတဲ့ အတည်ပြုမိန့် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်နဲ့သာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်တွေ ခွဲဝေ သတ်မှတ်ပေးဖို့ ဖြစ်လာတဲ့အတွက် ဘယ်လောက်အတိုင်း အတာအထိ ခွင့်ပြုသင့်တယ်ဆိုတာကိုလည်း ကော်မရှင် အစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ယခင်နှစ်တွေက ခွင့်ပြုပေးခဲ့တဲ့ လုပ်ငန်းတွေရဲ့ အနေအထားကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာ ခွင့်ပြုမိန့်ပေးခဲ့တဲ့ လုပ်ငန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အမေရိကန်ဒေါ်လာ ငါးသန်းအောက် ဖြစ်ခဲ့တာကြောင့် ဒေါ်လာငါးသန်းအထိ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ခွဲဝေပေးလိုက်ရင် ကော်မရှင်ရဲ့ခွင့်ပြုမိန့်လုပ်ငန်း ရာခိုင်နှုန်း ၇၀ ခွဲဝေပြီးဖြစ်မယ်လို့ သဘောတူဆုံးဖြတ်ပေးခဲ့ပါတယ်။ ထိုစဉ်က ငွေလဲနှုန်းအပေါ်အခြေခံပြီး မြန်မာနိုင်ငံသား တွေအတွက် ငွေကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုကို တိုင်းဒေသကြီး၊ ပြည်နယ်တွေက ဆုံးဖြတ်ပေးဖို့ သတ်မှတ် ခဲ့ကြပါတယ်။ တတိယမျိုးဆက်ဥပဒေ ဥပဒေသစ်မှာ ယခင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုပဲ ခွင့်မပြုစာရင်း (Negative List) ကို သတ်မှတ်ပြီး ခွင့်မပြု စာရင်းပါတဲ့ လုပ်ငန်းတွေကလွဲရင် ကျန်လုပ်ငန်းတွေကို ခွင့်ပြုပေးဖို့ စီးပွားရေးတံခါး ကျယ်ကျယ်ဖွင့်ခဲ့ပါတယ်။ ပိုထူးခြားတာက ဥပဒေသစ်အရထုတ်ပြန်တဲ့ ခွင့်မပြုစာရင်း ဟာ ယခင်ဥပဒေထက် ကန့်သတ်ချက်ပိုမိုလျှော့ချပေးပြီး မရှင်းမလင်းဖြစ်စေတဲ့ ကန့်သတ်မှုတွေကို ဖယ်ရှားနိုင်ခဲ့ ခြင်းပဲ ဖြစ်ပါတယ်။ ပိုမိုတိကျခိုင်မာစေဖို့ ခွင့်မပြုတဲ့ လုပ်ငန်းတွေ၊ နိုင်ငံသားနဲ့ဖက်စပ်သာ လုပ်ခွင့်ပြုတဲ့ လုပ်ငန်းတွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနက ခွင့်ပြုမှသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေမှာ အပြည်ပြည်ဆိုင်ရာစက်မှု အဆင့်အတန်း သတ်မှတ်ချက် (International Standard Industrial Classification Code-ISIC Code) တွေကိုပါ ပူးတွဲဖော်ပြပေးတဲ့အတွက် ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းစေခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးတာနဲ့ပတ်သက်ပြီး နိုင်ငံတကာ လက်ခံကျင့်သုံးတဲ့ ကျင့်ထုံးတွေကို ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းပေးနိုင်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ၎င်းတို့အပေါ် မမျှမတဆောင်ရွက်မှုတွေ ရှိလာခဲ့ရင် တရားဝင်တင်ပြ အရေးဆိုခွင့်ရှိစေဖို့လည်း ပြဋ္ဌာန်း ချက်တွေ ထည့်သွင်းပေးခဲ့ပါတယ်။ အရေးကြီးတဲ့အချက် ဖြစ်တဲ့ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဖြစ်လာစေဖို့ လူ့အခွင့်အရေးဆိုင်ရာ၊ အလုပ်သမားရေး ဆိုင်ရာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ၊ ဥပဒေလိုက်နာ မှုဆိုင်ရာ၊ အခွန်ပေးဆောင်မှုဆိုင်ရာ၊ အသိဉာဏ်ပစ္စည်း ဆိုင်ရာကိစ္စရပ်တွေကို ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းပေးခဲ့ ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုဥပဒေဟာ နိုင်ငံတကာကျင့်ထုံး၊ အာဆီယံသဘော တူညီချက်တွေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ကျယ်ပြန့်ပြည့်စုံစွာပါရှိတဲ့ ခေတ်မီတဲ့ တတိယမျိုးဆက်ရင်းနှီးမြှုပ်နှံမှုဥပဒေလည်း ဖြစ်ပါတယ်။ နည်းဥပဒေရေးဆွဲခြင်း ဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်းမှာ နည်းဥပဒေများ ရေးဆွဲခြင်းလုပ်ငန်းစဉ်တွေကိုလည်း IFC ရဲ့ နည်းပညာ အကူအညီရယူပြီး ဥပဒေကြမ်းရေးဆွဲရေးအဖွဲ့နဲ့ ပူးပေါင်း ကာ ဆက်လက်ရေးဆွဲ ဆောင်ရွက်ခဲ့ပါတယ်။ နည်းဥပဒေ များရေးဆွဲခြင်း လုပ်ငန်းစဉ်မှာ ဥပဒေပညာရှင်ဖြစ်တဲ့ Mr. Chris Huges ကို IFC က တာဝန်ပေးဆောင်ရွက်ခဲ့ပါ တယ်။ နည်းဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်မှာလည်း ဥပဒေကြမ်းရေးဆွဲစဉ်ကလို အကျိုးသက်ဆိုင်သူတွေ (Stakeholders) နဲ့ ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နည်းဥပဒေကို ရင်းနှီးမြှုပ်နှံသူ တွေအနေနဲ့ ပိုမိုလက်တွေ့ကျကျ ဆောင်ရွက်နိုင်စေဖို့ ဥပဒေအရ အသေးစိတ်ရှင်းလင်းဖော်ပြပေးရမယ့် ပြဋ္ဌာန်းချက်တွေကို လက်တွေ့ကျအောင် ရေးဆွဲပေးဖို့၊ ဥပဒေ ဆက်လက်ကျင့်သုံးဆောင်ရွက်တဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို စနစ်တကျ ရရှိစေသလို ၎င်းတို့လိုက်နာဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို မပျက်မကွက် လိုက်နာစေဖို့ ထိန်းကျောင်းရမယ့် လုပ်နည်းစနစ်တွေ ထည့်သွင်းဖို့၊ အငြင်းပွားမှု ဖြေရှင်းတဲ့အပိုင်းမှာလည်း စနစ်တကျဆောင်ရွက်နိုင်ဖို့၊ ရင်းနှီးမြှုပ်နှံသူရဲ့ တာဝန်ဝတ္တရားတွေကိုလည်း ရှင်းရှင်း လင်းလင်း သိမြင်စေဖို့၊ ရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာ အရေးယူဆောင်ရွက်ဖို့ ကိစ္စပေါ်ပေါက်လာခဲ့ရင် မည်သို့ မည်ပုံ ဆက်လက်ဆောင်ရွက်မည်ဆိုတာတွေကို ရှင်းလင်းစွာသိမြင်စေဖို့ ထည့်သွင်းရေးဆွဲခဲ့ပါတယ်။ နည်းဥပဒေများကို ၂၀၁၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာ စာအမှတ်၊ ၃၅/၂၀၁၇ နဲ့ ထုတ်ပြန်ကြေညာပေးနိုင်ခဲ့ပါ တယ်။ အဆိုပါ နည်းဥပဒေများအပေါ်မှာ ပြင်ဆင်လိုတဲ့ အချက်တွေကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ ထပ်မံတင်ပြဆွေးနွေးကြပြီး အချို့သော အချက်အနည်းငယ်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ထုတ်ပြန် ပေးခဲ့ပါတယ်။ အမိန့်ကြော်ငြာစာများ နည်းဥပဒေများ ထုတ်ပြန်ရန် ဆောင်ရွက်နေစဉ် အတွင်းမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အမိန့်ကြော်ငြာ စာအမှတ်၊ ၁၀/၂၀၁၇ နဲ့ ဖွံ့ဖြိုးတိုးတက်မှုဇုန် အမျိုး အစားများ သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်ပေးခဲ့ပါတယ်။ အဆိုပါ အမိန့်ကြော်ငြာစာအရ ဝင်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ခံစားခွင့်ရမယ့် ဇုန် (၁) မှာ တိုင်းဒေသကြီး/ပြည်နယ် ၁၃ ခုက မြို့နယ် ၁၆၄ ခု၊ ဝင်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်ခံစားခွင့်ရမယ့် ဇုန် (၂) မှာ တိုင်းဒေသကြီး/ပြည်နယ် ၁၁ ခုက မြို့နယ် ၁၂၂ ခု၊ ဝင်ငွေခွန်ကင်းလွတ်ခွင့် သုံးနှစ်သာ ခံစားခွင့်ရမယ့် ဇုန် (၃) မှာ တိုင်းဒေသကြီး/ပြည်နယ်နှစ်ခုက မြို့နယ် ၄၆ ခု ပါဝင်ပါတယ်။ ထပ်မံပြီး ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်က အမိန့်ကြော်ငြာစာအမှတ်၊ ၁၁/၂၀၁၇ ကို ထုတ်ပြန်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတွေကို အမေရိကန်ဒေါ်လာ ငါးသန်း (သို့မဟုတ်) မြန်မာကျပ်ငွေ သန်း ၆၀၀၀ အထိ အတည်ပြုမိန့်ထုတ်ပေးနိုင်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ တော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမိန့် ကြော်ငြာစာအမှတ်၊ ၁၃/၂၀၁၇ နဲ့ ဦးစားပေးမြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ သတ်မှတ်ပေးခဲ့ပါတယ်။ အဆိုပါကဏ္ဍမှာအကျုံးဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တွေကို ဥပဒေနဲ့အညီ ဝင်ငွေခွန် ကင်းလွတ်ခွင့် ခံစားခွင့် ပြုမှာဖြစ်ကြောင်း ကြေညာပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အမိန့်ကြော်ငြာစာ အမှတ်၊ ၁၅/၂၀၁၇ နဲ့ ခွင့်မပြုစာရင်း (Negative List) ဖြစ်တဲ့ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သတ်မှတ်တဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးခဲ့ပါတယ်။ အဆိုပါ အမိန့်ကြော်ငြာစာမှာ နိုင်ငံတော်က ဆောင်ရွက်ခွင့်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တွေ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက ဆောင်ရွက်ခွင့်မရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ ပြည်တွင်းရှိ နိုင်ငံသား လူပုဂ္ဂိုလ်တစ်ဦးဦး (သို့မဟုတ်) နိုင်ငံသားပိုင်လုပ်ငန်း တစ်ခုခုနှင့် ပူးပေါင်း၍ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်သာ ဆောင်ရွက်ခွင့်ပြုတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အတည်ပြုချက်ဖြင့်သာ ဆောင်ရွက်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေစာရင်း ဖော်ပြခဲ့ပါတယ်။ အဆိုပါ အမိန့်ကြော်ငြာစာက ရင်းနှီးမြှုပ်နှံ သူတွေအားလုံးကို မည်သည့်လုပ်ငန်း လုပ်လို့ရတယ်၊ မည်သည့်လုပ်ငန်း လုပ်လို့မရဘူးဆိုတာကို ရှင်းရှင်း လင်းလင်း သိမြင်စေခဲ့ပါတယ်။ ဝန်ကြီးဌာနသစ်နဲ့ဥပဒေ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းပြီးချိန်မှာ နိုင်ငံတကာ စီးပွားရေးအသိုက်အဝန်းက ကြိုဆိုခဲ့ကြပါတယ်။ ဥပဒေမှာ ခေတ်မီပြီး ပွင့်လင်းမြင်သာမှု ပိုမိုအား ကောင်းလာတယ်လို့လည်း သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ရုံးရဲ့ ကြေညာချက်အမှတ်၊ ၈၇/၂၀၁၈ နဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို အသစ်ဖွဲ့စည်း လိုက်ပါတယ်။ ဝန်ကြီးဌာနသစ်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆက်လက်တာဝန်ယူ ဆောင်ရွက် သွားမှာဖြစ်တဲ့အတွက် ဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ပုဒ်မ၂၊ ပုဒ်မခွဲ (ဃ) “ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုဆိုသည်” ဆိုတဲ့ ပုဒ်မကို ပြင်ဆင်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ဝန်ကြီး ဌာနအနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကတစ်ဆင့် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်သို့ ပေးပို့တင်သွင်းခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ဥပဒေ အမှတ်၊ ၁၉ အဖြစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ပြဋ္ဌာန်းပေးလိုက်ပါတယ်။ အဆိုပါ ပြင်ဆင်ချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနဟာ တာဝန်ခံဝန်ကြီးဌာနအနေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းတွေကို ဆက်လက်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ပတ်သက်တဲ့ အခြေအနေ အရပ်ရပ်ကို သမင်လည်ပြန်ကြည့်လိုက်ရင် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင် တဲ့ အစိုးရသက်တမ်းကာလကလွဲပြီး ကျန်အစိုးရသက်တမ်း အသီးသီးမှာ သက်ဆိုင်ရာအခြေအနေတွေနဲ့အညီ ရင်းနှီး မြှုပ်နှံမှုဥပဒေတွေ ပြဋ္ဌာန်းဆောင်ရွက်ခဲ့ကြတာ တွေ့ရပါ တယ်။ ယနေ့ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ တတိယမျိုးဆက်ဥပဒေလို့လည်း ဆိုနိုင်ပါတယ်။ ပြောင်းလဲလာတဲ့ ကမ္ဘာ့အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်ရေးဆွဲပြီး လက်ရှိကျင့်သုံးနေတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးအတွက် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာမှာ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ကောင်းတစ်ခု ဖန်တီးပေးဖို့ ဦးတည်ဆောင်ရွက်ခြင်းဖြင့့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်သွားနိုင်မယ့် နည်းတူ နိုင်ငံသားစီးပွားရေး လုပ်ငန်းရှင်တွေအတွက်လည်း အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့ ဥပဒေတစ်ခုဖြစ်တယ် လို့လည်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။ ကိုးကားချက်များ ၁။ ၁၉၅၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံငွေရင်းနှီးရေး အက်ဥပဒေ။ ၂။ ၁၉၆၀ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံငွေရင်းနှီးရေး နည်းဥပဒေများ။ ၃။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဝန်ကြီးများအဖွဲ့ အစည်းအဝေးမှတ်တမ်းများ။ ၄။ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာများ။ ၅။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၁၀/၈၈ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ။ ၆။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၄/၉၄ မြန်မာနိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ။ ၇။ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၁၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ။ ၈။ ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၈၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ။ ၉။ ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၆၆၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင် သည့်ဥပဒေ။ ၁၀။ ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆၇၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ။ ၁၁။ ၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၀၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ။ ၁၂။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၃၅/၂၀၁၇၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများ။ ၁၃။ ၂၀၁၉ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၉၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင် သည့်ဥပဒေ။ ၁၄။ အိမ်စောင့်အစိုးရ၊ ဗိုလ်မှူးချုပ်ဟောင်းမောင်မောင် (စည်သူကျော်မြန်မာပြန်)။ ၁၅။ OECD Investment Policy Review: Myanmar 2014 ။ ၁၆။ The Legal Texts: The Results of the Uruguay Round of Multilateral Trade Negotiations (WTO)။