“နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များ၏ ခေတ်သစ်တိုးတက်မှုလမ်းကြောင်း သို့ ဦးတည်ခြင်း-စဉ်ဆက်မပြတ်သော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၏ အယူအဆကို ထည့်သွင်းခြင်း ဒေသတွင်းအဆင့် မူဝါဒပိုင်းဆိုင်ရာဆွေးနွေးပွဲကို မြန်မာနိုင်ငံ၊ နေပြည်တော်ရှိ MGALLERY ဟိုတယ်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲကို အာဆီယံ - ဟောင်ကောင် (တရုတ်) လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်အောက်ရှိ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် ၏ ပံ့ပိုးကူညီမှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့က ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပါသည်။
ပထမဦးစွာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ရေရှည်တည်တံ့ ခိုင်မြဲသော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်းသည့် သဘောတရားများကို နောင်တွင် ချုပ်ဆိုမည့်၊ အဆင့်မြှင့်တင်မည့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ တွင် ထည့်သွင်းခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအငြင်းပွားမှုများကို လျှော့ချနိုင်ပြီး အိမ်ရှင် စာချုပ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းချပိုင်ခွင့်ကို ရရှိနိုင်ခြင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် များကို နိုင်ငံအဆင့်နှင့် ဒေသတွင်းအဆင့် အောင်မြင်နိုင်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ပြုနိုင်မည်ဖြစ်ကြောင်း၊ အာဆီယံ ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ဒေသတွင်းအဆင့် ကျင့်သုံးနိုင်ရေး ကြိုးပမ်းအားထုတ်မှု သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ စုပေါင်းကတိကဝတ်ပြုမှုကို ထင်ဟပ်စေခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုဆပ်ကော်မတီ၏ ဟောင်ကောင် ပူးတွဲ သဘာပတိ Mr. CHAR Chi Man နှင့် အာဆီယံပူးတွဲသဘာပတိ Ms. Rozieyanahayu Ab Rahman၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာနခွဲမှ အကြီးတန်း အရာရှိ Ms. Yuanita Ruchyat တို့က ဒေသတွင်းအဆင့် ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် များတွင် စဉ်ဆက်မပြတ်သော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ အချက်များ ထည့်သွင်း နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒချမှတ်ခြင်းတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း ၍ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။
ထိုနောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ရေရှည်တည်တံ့ခိုင်မြဲသော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်တို့၏ ဆက်စပ်မှုနှင့် ယင်းဆက်စပ်မှုအပေါ် အခြေခံ၍ စာချုပ်ဝင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံအကြား အငြင်းပွားမှု လျော့ကျစေခြင်းဆိုင်ရာ အချက်များကို ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဥပဒေကော်မရှင် ၊ ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းနှင့် နိုင်ငံတကာ ကျွမ်းကျင် ပညာရှင် များက လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းအဖွဲ့ ကိုယ်စား လှယ်များက နိုင်ငံအလိုက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက် ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ပါသည်။
ဒေသတွင်းအဆင့်မူဝါဒပိုင်းဆိုင်ရာဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပခြင်းဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဒုတိယဝန်ကြီး ဦးသန့်စင်လွင်၊ ဘာသာရပ်ဆိုင်ရာ ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်းများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (တရုတ်) မှ ကိုယ်စားလှယ် များနှင့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၊ စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ပါသည်။